RSS
1.

Thursday, March 18, 2010

ဣတ္ထိယ မျိုးဗီဇ ရှာပုံတော်နှင့် လက်တွေ့ဘ၀ထဲက မိန်းမသားများ

ဣတ္ထိယ မျိုးဗီဇ ရှာပုံတော်နှင့် လက်တွေ့ဘ၀ထဲက မိန်းမသားများ

ဣတ္ထိယ မျိုးဗီဇ ရှာပုံတော်နှင့် လက်တွေ့ဘ၀ထဲက မိန်းမသားများ

အမျိုးသမီးများသည်
အမျိုးသားများထက်
မျိုးဗီဇအရ ချန်ပန်ဇီလူဝံတို့နှင့်
ပိုမိုနီးစပ်ကြောင်းတွေ့ရှိရသည်။


ဒေးဗစ်ပေ့ဂ်ျ
မျိုးဗီဇပညာရှင်
၂ဝ၁ဝ ခု၊ ဇန်နဝါရီလထုတ် Nature မဂ္ဂဇင်း၌ ကိန်းဘ
ရစ်တက္ကသိုလ်၊ နည်းပညာသိပ္ပံမှ မျိုးဗီဇပညာရှင် David Page ၏
စာတမ်းတစ်စောင် ဖော်ပြပါရှိလာခဲ့သည်။
David Page တို့ သုတေသနအဖွဲ့သည် လူသား၏မျိုးဗီဇနှင့်
ချန်ပန်ဇီလူဝံတို့၏ မျိုးဗီဇကို နှိုင်းယှဉ်လေ့လာခဲ့ကြ သည်။
လူနှင့် ချန်ပန်ဇီလူဝံတို့သည် မျိုးဗီဇသဘာဝ၌ ရာခိုင်နှုန်း
အတော်များများတူညီမှုရှိကြောင်း အများက သိရှိလက်ခံထား ခဲ့ကြပြီးဖြစ်သည်။
သုတေသီ Page နှင့်အဖွဲ့တို့၏ တွေ့ရှိချက် အရ ပုရိသလူယောက်ျားတို့၏
မျိုးဗီဇထဲမှY- Chromosome သည် ချန်ပန်ဇီလူဝံတို့၏ Y- Chromosome နှင့်
အလွန်အမင်း ကွဲပြားခြားနားမှု ရှိနေသော်လည်း၊ ဣတ္ထိယလူအမျိုးသမီး များ၏ Y-
Chromosome နှင့်မူ ရာခိုင်နှုန်းအတော်များများ တူညီမှုရှိနေသည်ဟုဆိုသည်။
ယင်းအချက်ကိုထောက်၍ အမျိုးသမီးများကို -The Second Sex
သို့မဟုတ်Weaker Sex ဟု လူ့သမိုင်းအစမှ ယနေ့တိုင်ရှုမြင်သုံးသပ်ထားမှုကို
အဆုံးသတ်ရတော့မလို ဖြစ် လာခဲ့သည်။ Page ၏အဆိုအရ အမျိုးသမီးတို့သည် Weaker
Sexများ မဟုတ်ကြ။ မျိုးဗီဇအမြင်နှင့်ကြည့်လျှင်
ချန်ပန်ဇီလူဝံများကဲ့သို့ပင် Stronger Sex များဖြစ်ကြသည်။ မျိုးဗီဇအရ
မတို့သည် ကျားတို့ထက် ပိုမိုအစွမ်းထက်သည် ဟုပင်
အဓိပ္ပာယ်ဖွင့်ကြရတော့မည်လော။
များမကြာမီလများဆီက The International Herald Tribune
သတင်းစာတွင် The Female Factor ဟူသော သီးသန့်ကဏ္ဍတစ်ခုဖွင့်ကာ နိုင်ငံတကာ
နယ်ပယ်အသီးသီး၌ အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်း ရောက်
ဣတ္ထိယနွယ်တို့၏ လက်တွေ့ဘဝများအကြောင်း သုတေသနစစ်တမ်းဆောင်းပါးများကို
အခန်းဆက်ဖော်ပြခဲ့ သည်။
ထိုဆောင်းပါးများကိုIHT သတင်းစာကြီး၌ တခမ်းတနား
ဖော်ပြလိုက်ခြင်းမှာ ကိန်းဘရစ် မျိုးဗီဇသုတေသီ David Page ၏
သုတေသနတွေ့ရှိချက်ကို ကြိုတင်ထောက်ခံနေခြင်းပေလော...။
အိန္ဒိယသူ စူပါအမျိုးသမီးကြီးများ
ဘဏ်နှင့်ဘဏ္ဍာရေးအဖွဲ့အစည်းကဏ္ဍ
ကမ္ဘာ့စီးပွားရေး အချက်အချာ လုပ်ငန်းကြီးများ အခြေ စိုက်ရာ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့နှင့် ဗြိတိန်နိုင်ငံ
လန်ဒန်မြို့ကြီးများရှိ ဘဏ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်ပိုရေးရှင်းကြီးများ၏
ထိပ်တန်းအဆင့်မြင့်ရာထူးများ အတွက် အမျိုးသမီးများကို
ခန့်ထားလေ့မရှိသည်မှာ ဆယ် စုနှစ်များစွာ အရိုးစွဲနေသည့် အစဉ်အလာတစ်ခုလို
ဖြစ်နေခဲ့ သည်။
သို့သော် အမျိုးသမီးများကို ခွဲခြားဆက်ဆံရာ၌
နာမည်ဆိုးနှင့် ထင်ရှားခဲ့သော အိန္ဒိယတွင်မူ အခြေအနေက
တစ်မျိုးဖြစ်လာခဲ့သည်။ အမှန်စင်စစ်စီးပွားရေးဖွံ့ဖြိုးစ
အိန္ဒိယနိုင်ငံတွင် ဘဏ္ဍာရေးလုပ်ငန်းများ၏ သက်တမ်းမှာ နုနယ်လွန်းလှသည်ဟု
ဆိုရမည်။ အောင်မြင်မှုဘက်က ကြည့်လျှင်တော့ ထိုနုနယ်သော သက်တမ်းနှင့်မမျှ
အဆပေါင်းများစွာ အောင်မြင်နေသည်။ ထိုသို့အောင်မြင်နေသော
ဘဏ္ဍာရေးအဖွဲ့အစည်းများကို ဦးဆောင်နေကြသည့် ပဲ့ကိုင်ရှင်အများစုမှာ
အမျိုးသမီးကြီးများဖြစ်နေကြောင်း အံ့သြဖွယ်တွေ့ရှိနေရသည်။
SBC, JP Morgan Chase, Royal Bank of Scotland, UBS
စသည့်နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့ အစည်းကြီးများ၏ အိန္ဒိယဆိုင်ရာ
ရုံးခွဲများတွင် ထိပ်တန်း ရာထူးကြီးများအတွက် အိန္ဒိယသူ
အမျိုးသမီးကြီးများကို တာဝန်ပေးခန့် ထားခဲ့ကြသည်။ ထိုအမျိုးသမီးကြီး
များကလည်း ဆိုင်ရာတာဝန်များကို စွမ်းစွမ်းတမံ ဦးဆောင်နိုင်ခဲ့ကြသဖြင့်
နိုင်ငံတကာအဆင့် အောင်ပွဲများကို ရရှိနေပြီဖြစ်သည်။
ဤသည်မှာ နိုင်ငံတကာအဆင့် ပထမတန်း လုပ်ငန်းနယ်ပယ်များ၌
ဖြစ်သည်။ ထို့အောက်တစ်ဆင့်နိမ့် သော(ဝါ)ဒုတိယတန်းနှင့် တတိယတန်း
အဆင့်တွင်ရှိသော Icici ဘဏ် နှင့် Axis ဘဏ်များတွင်လည်း အိန္ဒိယသူများက
ဌာနဆိုင်ရာတာဝန်ခံများအဖြစ် ဆောင်ရွက်နေကြသည်။
အိန္ဒိယဗဟိုဘဏ် -Reserve Bank of India- BRI
အဖွဲ့ဝင်ဘဏ်ခွဲများမှ ဒုတိယဥက္ကဋ္ဌ ရာထူးများတွင် လည်း အမျိုးသမီးများက
ထက်ဝက် ခန့် ပါဝင်ထမ်းဆောင်နေကြသည်။
တစ်ဘက်တွင်မူ ရှေးရိုးစွဲ ဝါဒီ အိန္ဒိယသား
မိဘအချို့မှာ သား ယောက်ျားကလေးများကိုသာ ဘုရား ၏ဆုလာဘ်အဖြစ် အလေးထားဆက်
ဆံနေကြဆဲဖြစ်သည်။ ဤဓလေ့ထုံးစံ ၏ရလဒ်အဖြစ် ခေတ်ပညာတတ် အမျိုးသမီးဦးရေ
လွန်စွာနည်းပါးနေ ကြောင်းကို သုံးသပ်တွေ့ရှိနိုင်သည်။
လူမှုရေးနယ်ပယ်တွင်လည်း အမျိုး သမီးများ၏ဘဝမှာ စိတ်မချမ်းမြေ့ဖွယ် ပင်။
ပမာအားဖြင့် အိန္ဒိယသူ တင်းနစ် အားကစားမယ် ဆန္နီယာ မီဇာ- Sania Mirza က
အကယ်၍ သူမအိမ် ထောင်ပြုခဲ့လျှင် တင်းနစ်အားကစား ကို
စွန့်လွှတ်ရမည်မှာသေချာသည်ဟု မီဒီယာများအား ဖွင့်ဟပြောကြားခဲ့ သည်မှာ
ဘာမျှမကြာသေး။
သို့သော်... ယနေ့အိန္ဒိယတွင် နိုင်ငံတကာအဆင့် ဘဏ်လုပ်ငန်း အပါအဝင်
စီးပွားရေးကော်ပိုရေးရှင်း ကြီးများကို ဦးဆောင်နေသည့် အမျိုး
သမီးများမှာ နဂိုကတည်းက မျိုးရိုး စဉ်ဆက်သူကြွယ်မျိုးများဖြစ်နေကြ သည်။
ထိုအမျိုးသမီးများ၏ စွမ်း ဆောင်ရည်မှာလည်း အံ့မခန်းဟု ဆိုရ
မလိုဖြစ်နေသည်။
အထက်ပါ နိုင်ငံတကာအဆင့် တာဝန်ကြီးများကို ဆောင်နေရသည့်
အိန္ဒိယသူတစ်ဦးဖြစ်သော-Naina Lal Kidwai ၏မှတ်ချက်စကားမှာ
စဉ်းစားဖွယ်ကောင်းလှသည်။ Nainaသည် အိန္ဒိယဆိုင်ရာ ဟောင်ကောင် ရှန်ဟိုင်း
ဘဏ်ကော်ပိုရေးရှင်း -HSBC ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သည်။ သူမအား
မီဒီယာများကတွေ့ဆုံမေး မြန်းစဉ်...
''ဒီမှာအလုပ်လုပ်ရတာ အဆင်တော့ပြေပါတယ်။
အမျိုးသားဝန်ထမ်း တွေကအစ လက်အောက်မန်နေဂျာ တွေအဆုံး
အားလုံးပူးပေါင်းဆောင် ရွက်ကြပါတယ်။ ကူညီကြပါတယ်။ ဒါကလဲ ဘီယာသောက်တာလို၊
ဂေါက်သီးရိုက်တာလို၊ ဘိလိယက် ကစားပွဲတွေမှာလို တစ်ကိုယ်တော်
စွမ်းရည်ပြရတဲ့ အလုပ်မျိုးမဟုတ်တာ ကြောင့်လဲ ဖြစ်မှာပေါ့''ဟု ရယ်သွမ်း
သွေးရင်းပြောခဲ့သည်။ Naina သည် ယခုကျမှ အဆင့်မြင့်တာဝန်များကို
ထမ်းဆောင်ဖူးသူမဟုတ်ပေ။ HSBC ၏အုပ်ချုပ်မှုဒါရိုက်တာ ရာထူးကို
မထမ်းဆောင်မီက ကမ္ဘာကျော်ဘဏ္ဍာ ရေးကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်သည့် Morgan
Stanley Chase တွင်လည်း အကြီးအကဲတစ်ဦးအဖြစ် တာဝန်ယူခဲ့ ဖူးသူဖြစ်သည်။
''အမျိုးသမီးတွေဟာ ကျရာ တာဝန်ကို ထမ်းဆောင်ရာမှာ အတူ
တကွပူးပေါင်းဆောင်ရွက်ခြင်းကို တန်ဖိုးထားကြတယ်။ အပင်ပန်းလဲ
ခံနိုင်ကြတယ်။ ဒီတော့ အိန္ဒိယမှာ ကျွန်မတို့အတွက် ဘာအခက်အခဲရှိ တော့မှာလဲ။
ဟိုမှာက ဒီလိုမဟုတ်ဘူး ရှင့်''
Nainar ပြောသည့် အဓိပ္ပာယ် မှာ
ခေတ်မီဖွံ့ဖြိုးတိုးတက်လှပါသည် ဟုဆိုသော အမေရိကန်အခြေစိုက် Wall Street
စီးပွားရေးလောကတွင် အမျိုးသမီးများကို ခွဲခြားဆက်ဆံချင် သည့်
ဓလေ့ဟောင်းများ ယခုထိတိုင် မပျောက်ချင်သေးဟူ၍ဖြစ်သည်။ အမျိုးသမီးများသည်
ဘဏ္ဍာရေး လောက၌ အမျိုးသားများကို လုံးဝ ရင်ဘောင်တန်းနိုင်သည်ဟု ယုံကြည်
ထားကြသော်လည်း လက်ရှိအောင်မြင် နေကြသော ဘဏ်သူဋ္ဌေးစူပါဇောတိ ကကြီးများကို
မနာလိုမရာလည်း မရှိ၊ စိန်ခေါ်လွှမ်းမိုးလိုစိတ်လည်းမရှိပါဟု Nainar
ကဆိုခဲ့ပါသေးသည်။
Nainar အပါအဝင် အဆင့်မြင့် တာဝန်ထမ်း
စူပါအိန္ဒိယသူများသည် အိန္ဒိယနှင့် အာရှ၏တန်ဖိုးကိုလည်း အသေးစိတ်ကအစ
တန်ဖိုးထားလေ့ရှိကြသည်။ သူတို့သည် သူတို့၏ မိသားစုဘဝကို တန်ဖိုးထားသည်။
အိမ်ရှင်မဘဝကို မြတ်မြတ်နိုးနိုးခံယူ သည်။ ခင်ပွန်းသားသမီးများနှင့်လည်း
အဆင်ပြေသည်။ အလုပ်ခွင်၌ ပုရိသ ယောက်ျားများနှင့် ပွင့်ပွင့်လင်းလင်း
ပြောဆိုဆက်ဆံသည်။ ရိုးရာဓလေ့ကို မပစ်ပယ်ကြ။ ရုံးတက်ရုံးဆင်းအလုပ်
ခွင်၌လည်းကောင်း၊ တာဝန်အရ ပြည်ပခရီးများ၌လည်းကောင်း၊ နိုင်ငံတကာ
စီးပွားရေးဖိုရမ်များ တက်ရောက်ရာ၌လည်းကောင်း၊ အိန္ဒိယသူ
တို့အမြတ်တနိုးထားသော ဆာရီကို သာဝတ်ဆင်ကြသည်။
သူတို့အားလုံး၌ တူညီသော အချက်အလက်များကိုယ်စီရှိကြသည်။
အသက်အားဖြင့် ၄ဝ ကျော် ၅ဝ အတွင်း။ မျိုးရိုးစဉ်ဆက် ချမ်းသာ ကြွယ်ဝကာ၊
ခေတ်ပညာတတ်များ ဖြစ်ကြခြင်း။ အိန္ဒိယ၏ အကောင်းဆုံးသော တက္ကသိုလ်
ကောလိပ်ထွက် များဖြစ်ကြခြင်း။ နိုင်ငံတကာ တက္ကသိုလ်ကောလိပ်များ၌
အဆင့်မြင့် ဘွဲ့များရသည့်တိုင်အောင် ပညာအရာ ၌ ထူးချွန်ကြခြင်း။
ယခုကဲ့သို့ အဆင့် မြင့်ရာထူးတာဝန်များကို မထမ်းဆောင်မီအထိ ပညာရေး၊
လူမှုရေး နယ်ပယ်အသီးသီး၌ အောင်မြင်သူများ ဖြစ်ကြခြင်း စသည်တို့ပင်ဖြစ်သည်
ဟုဆိုသည်။ အိန္ဒိယသူ စူပါမမကြီး တို့၏ သူမတူသော အရည်အချင်း တစ်ခုမှာ
အလုပ်ခွင်၌ဖြစ်စေ၊ နိုင်ငံ တကာဖိုရမ်များ၌ဖြစ်စေ၊ ပြိုင်ဘက်
ပုရိသယောက်ျားများနှင့် လုပ်ငန်း သဘောအရ အချေအတင်ပြောဆို
ငြင်းခုံရသည့်အခါ၌ဖြစ်စေ ယဉ်ကျေး ဖွယ်ရာခြင်းနှင့် စိတ်ရှည်သည်းခံခြင်း
စသည့်အရည်အချင်းပင်ဖြစ်သည်ဟု ဆိုသည်။
ဘဏ္ဍာရေးလုပ်ငန်းဆိုသည်မှာ အခြားသော
လုပ်ငန်းများနှင့်မတူ။ ဘက်စုံထူးချွန်ကျွမ်းကျင်လိမ္မာပါမှ တော်ကာကျမည့်
သဘာဝရှိသည်။ ထိုလုပ်ငန်း ထိုလောက၌ အဆင့်မြင့် တာဝန်ယူနေကြသော အမျိုးသမီး
များမှာ ဆိုင်ရာတာဝန်များကို အခက် အခဲမရှိ ပေါ့ပေါ့ပါးပါး ထမ်းဆောင်
နေကြသည်။ အောင်လည်း အောင် မြင်နေကြပါ၏။
အိန္ဒိယ၏ အကြီးဆုံးဘဏ်တစ် ခုဖြစ်သည့် Icici ၏
စီအီးအိုမှာ အိန္ဒိယ သူအမျိုးသမီးတစ်ဦးဖြစ်သည့် ချန္ဒာ ကုခ်ျဟာ- Chanda
Kochhar ဖြစ် သည်။ Icici တွင် အကြီးတန်း မန် နေဂျာများ၏ ၄ဝ
ရာခိုင်နှုန်းမှာ အမျိုး သမီးများဖြစ်ကြသည်။ Chanda က
ဘဏ်လုပ်ငန်းသဘာဝနှင့်ပတ်သက်၍ သူ့ခံယူချက်ကို-
''ဘဏ်လုပ်ငန်းဆိုတာ အခက် အခဲဆုံးပြဿနာတစ်ခုကို
စိန်ခေါ်ဖြေ ရှင်းပြီးတာနဲ့ သူ့ထက်ကြီးတဲ့နောက် ပြဿနာတစ်ခုက
စိန်ခေါ်ဖို့အဆင် သင့်စောင့်နေတာမျိုးရှင့်။ အဲဒါကို
ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။ ဘယ် လောက်အထိ တာဝန်ယူနိုင်သလဲ။ အဲဒီအတွက်
ဘယ်လိုအရည်အသွေးတွေ အဆင်သင့်ပိုင်ဆိုင်ထားကြသ လဲ။ အဲဒါတွေက
အရေးအကြီးဆုံး။ ယောက်ျား၊ မိန်းမဆိုတာက အရေးမကြီးဘူး။ လိင်ကွဲပြားတာဟာ
အရည် အချင်းမဟုတ်ဘူး''ဟု ရိုးရှင်းပွင့် လင်းစွာပြောပြခဲ့ဖူးသည်။
Chanda သည် Icici ဘဏ်၌ စတင်တာဝန်ထမ်းဆောင်စဉ်က ဌာန ခွဲတစ်ခု၏အကြီးအကဲ
ရာထူး၌သာ ဖြစ်သည်။ သူမ၏လုပ်ရည်ကိုင်ရည်ကြောင့် ရာထူးတာဝန်တွေ တစ်ခုပြီး
တစ်ခုတက်လာခဲ့သလို Icici ဘဏ် သည်လည်း သာမန်ပြည်တွင်းဘဏ် ကလေးတစ်ခုမှ
အကြီးတန်းဘဏ် စာရင်းဝင်။ ထိုမှ နိုင်ငံတကာအဆင့်
ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးအဖြစ် ရောက် ရှိလာခဲ့သည်။ ထိုဘဏ်တွင် တာဝန်
စတင်ထမ်းဆောင်ချိန်မှစ၍ သူမ၏ လုပ်သက် ၂၅ နှစ်အတွင်း ကိုယ်ရော
စိတ်ပါနှစ်မြှုပ်ကာ အစွမ်းကုန်ကြိုး ပမ်းခဲ့သည်သာ။ လုပ်သက် ၂၅နှစ်
ပြည့်ချိန်တွင် Iciciသည် နိုင်ငံတကာ အဆင့်ဘဏ်တစ်ခုဖြစ်လာသလို Nainar
သည်လည်း ထိုဘဏ်ကြီး၏ စီအီးအိုဖြစ်လာခဲ့သည်။
ကိန်းဂဏန်းစစ်တမ်းများအရ ယနေ့အိန္ဒိယတွင်
အကြီးတန်းစာရင်း ဝင်ဘဏ်ငါးခုရှိလျှင် တစ်ခုတိုင်းတွင် အမျိုးသမီးများက
ဦးဆောင်နေသည်ဟု ဆိုသည်။ ထိုဖြစ်ရပ်နှင့် ဆန့်ကျင်စွာပင် အမေရိကနှင့်
ဥရောပရှိ အဓိက ဘဏ်ကြီးများတွင်လည်းကောင်း၊ ကမ္ဘာကျော် Wall Street လောကရှိ
ဘဏ်များတွင်လည်းကောင်း၊ စီအီးအိုမှအစ အဆင့်မြင့်တာဝန်မှန်သမျှ
ပုရိသတို့ကသာ ဦးဆောင်နေကြ သည်။ အမျိုးသမီး စီအီးအိုဟူ၍
မူးလို့ပင်ရှူစရာမရှိ။
အိန္ဒိယအခြေစိုက် စီမံခန့်ခွဲမှု
အဖွဲ့အစည်းကြီးတစ်ခုဖြစ်သော EMA မှ အစုရှယ်ယာဝင် ပုရိသယောက်ျား သား K.
Sudarsham က''ကျွန်တော်တို့ဆီမှာ ဘဏ်သူဋ္ဌေးကြီးတွေက
အဆင့်မြင့်ရာထူးတွေအတွက် အမျိုး သမီးတွေကိုပဲ ခန့်ချင်ကြတယ်။ မိန်းမတွေက
ရာထူးမြင့်လာလေ ကိုယ်ကျင့်သိက္ခာကို ထိန်းကြလေပဲ။ ဇာတ်လမ်းမရှုပ်ကြဘူး။
ယောက်ျားတွေလို ဇိမ်မခံချင်ကြဘူး။ အလွဲသုံးစား လုပ်တယ်ဆိုတာ
ဇာတ်လမ်းတွေနဲ့ ဇိမ်ခံချင်ကြတာက စတာပဲ။ မိန်းမ တွေကျတော့ ရာထူးကြီးလာလေ၊
အသက်အရွယ်ရလာလေ အဲဒါတွေနဲ့ ကင်းလေပဲ။ ခြုံပြောရင်တော့ ဖြောင့်
မတ်ရိုးသားကြတယ်။ အဲဒါဟာ သူ တို့ဘဝပဲ''ဟု မှတ်ချက်ချဖူးသည်။
အိန္ဒိယ၏ ဝန်ထမ်းလောကတွင် အိမ်ထောင်သည်
အမျိုးသမီးများ အတွက် အခက်အခဲ တစ်ခုမှာ သား ဖွားခွင့်ဆိုင်ရာ
ပြဿနာများပင်ဖြစ် သည်။ အထူးသဖြင့် ဘဏ္ဍာရေးအဖွဲ့ အစည်းများနှင့်
ဘဏ်လုပ်ငန်းများတွင် ဖြစ်သည်။ ဘဏ်တစ်ခုနှင့်တစ်ခု သား
ဖွားခွင့်ပေးပုံချင်းမတူကြပေ။ သို့သော် ပျမ်းမျှ သုံးလလောက်တော့ရတတ်
ကြသည်။
ယခုအခါ အိန္ဒိယဗဟိုဘဏ် -Reserve Bank of India - RBI
တွင် စီအီးအိုအဖြစ် တာဝန်ထမ်းဆောင်နေသူ Meera Sanyal ဖြတ်သန်းခဲ့ဖူး သော
အတွေ့အကြုံက တစ်မူထူးခြား သည်။
Meera Sanyal ငယ်စဉ်က ကိုလ်းကတ္တားအခြေစိုက် -
Grindlays ဘဏ်၏ဌာနခွဲတစ်ခုတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ သူမနှင့်တွေ့
ဆုံဆက်ဆံရသည့် ဘဏ်ဖောက်သည်များမှာ လူ့ခွစာ၊ လူကတ်တွေ ချည်းဖြစ်နေသည်။
ဖောက်သည်များ၏ တင်တင်စီးစီး မေးခွန်းတွေက သူမကို အကြီးအကျယ်စိတ်ဒုက္ခ
ရောက်စေခဲ့သည်။ နောက်ဆုံးတော့ သူ့နေရာတွင် အသက်အရွယ်အရ လည်းကောင်း၊
လုပ်သက်အတွေ့ အကြုံအရလည်းကောင်း ပိုမိုရင့်ကျက် သော
အမျိုးသားအရာရှိကြီးတစ် ယောက်ကို အစားထိုးလိုက်ပြီး သူ့ကို
အခြားဌာနခွဲတစ်ခုသို့ ရွှေ့ပေးခဲ့သည်။
နေရာသစ်၌ Meera အောင်မြင်မှု တွေရလာသည်။
လုပ်ငန်းအဆင်ပြေ သည်ထက် ပြေလာအောင် သူအစွမ်း ကုန်ကြိုးပမ်းခဲ့သည်။
ဖောက်သည်များနှင့် ဆက်ဆံပြောဆိုရာ၌ အတား အဆီးတစ်ခုလိုဖြစ်နေသော ဘင်္ဂါလီ
စကားကို ကျွမ်းကျင်စွာပြောတတ်ဆို တတ်လာစေဖို့ ဘင်္ဂါလီစကားပြော
သင်တန်းတွေကို အလုပ်မအားလပ် သည့်ကြားမှ ကြိုးစားပြီးတက်သည်။
ကာလအတန်ကြာတော့ ဖောက်သည် များနှင့်သာမက ဝန်ထမ်းအချင်းချင်း နှင့်ပါ
အဆင်ပြေစွာ ဆက်ဆံပြောဆို လာနိုင်သည်။
Meera အလုပ်လုပ်နေသည့် -Grindlays ဘဏ်နှင့်
အများဆုံးဆက် ဆံရသည့်ဖောက်သည်များမှာ လယ် သမားများနှင့်
အောက်ခြေဆင်းရဲသား များဖြစ်သည်။ ဘဏ်သူဋ္ဌေးဆိုသည့် ပုဂ္ဂိုလ်ကြီးကလည်း
တစ်ပြားကို နှစ် ပြားရအောင်ခွာလိုသည့် ကော်တစ်ရာ ကပ်စေးထိပ်ခေါင်။
ထိုအချိန် ထိုအခြေအနေတွင် Meera ပထမသားဦး ကိုယ်ဝန်ဆောင်ရတော့သည်။
ထုံးစံအတိုင်း ဘဏ်သူဋ္ဌေးနှင့်တွေ့ပြီး ကြိုတင်ဆွေးနွေးသည်။
မီးဖွားပြီးလျှင် သူ့ကိုအလုပ်ချိန် နည်းနည်းလျှော့ပေး စေလိုကြောင်းက
အဓိကဖြစ်သည်။ ဤတွင် ဘဏ်သူဋ္ဌေး၏ ဇာတိရုပ်က ဘွားခနဲပေါ်တော့သည်။
''အရူးမ၊ အခုတောင် နင့်အတွက် ဘယ်လောက်နစ်နာနေပြီလဲ၊
သိရဲ့လား။ ငါကုန်ထားကျထား ရတာတွေ နည်းမှတ်လို့''
Meera ဘာမျှမတတ်နိုင်။ အလုပ်ထွက်လိုက်ဖို့ပဲ
ရှိတော့သည်။ သို့သော် သူမီးမဖွားမီကာလ နောက်ဆုံးရက်တွေအထိ
ရှိသမျှအလုပ်တွေ ဒိုင်ခံလုပ်သည်။ သူဋ္ဌေးခေါင်းထဲမှာ စွဲနေသည့်
နင့်ကိုခိုင်းရတာမတန်... ဟူသောအစွဲကို သူအလုပ်မထွက်ခင်
ချွတ်ပစ်ခဲ့ချင်သည်။ မီးဖွားမည့်ရက် မရောက်မီ တစ်ရက်အလိုတွင် သူပိုင်
ပစ္စည်းကလေးကို သိမ်းဆည်းထုပ်ပိုးနေခိုက် သူဋ္ဌေးကိုယ်တော်ချော ရောက်လာသည်။
မီးဖွားခွင့်ပေးသည်။ မွေးပြီးဖွားပြီးလျှင်လည်း အလုပ်ချိန် လျှော့ပေးမည်။
ကလေးဝေယျာဝစ္စ ဆောင်ရွက်နိုင်ဖို့ဟုဆိုသည်။ လစာကိုလည်း ယခင်အတိုင်း
ဆက်ပေးထား မည်ဟု ဆိုလာသည်။
''လုပ်ချင်တာရှိရင်၊ လုပ်စရာ ကိစ္စရှိလာရင်
မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ ကျွန်မရဲ့စိတ်ကို သူဋ္ဌေးနားလည်သွားပုံရတယ်'' ဟု
လုပ်ဖော်ကိုင်ဖက် အမျိုးသားများကို Meera က လေအေးဖြင့်ပြောပြခဲ့သည်။
ထိုအား၊ ထိုမာန်၊ ထိုစိတ်ဓာတ် ခွန်အားတို့ကြောင့်
နောက်ဆုံးတွင်မှာတော့ Meera Sanyal တစ်ယောက် အိန္ဒိယဗဟိုဘဏ်၏
အကြီးအကဲဖြစ်လာခဲ့သည်။ သူ့အလုပ်ခွင်ရှိ အမျိုးသမီးဝန်ထမ်းကြီးငယ်မဟူ
အိမ်ထောင်တာဝန်နှင့် ပတ်သက်သော ပြဿနာများကြုံလာခဲ့လျှင်
ကောင်းစွာစီမံခန့်ခွဲ ဖြေရှင်းပေးနိုင်ခဲ့သည်။ အထူးသဖြင့်
မီးဖွားခွင့်ဆိုင်ရာ ကိစ္စများတွင် ဖြစ်သည်။
တစ်ခါတွင် မန်နေဂျာ အမျိုးသမီးတစ်ဦး
ကိုယ်ဝန်ရှိလာသဖြင့် အလုပ်မှ နုတ်ထွက်လိုကြောင်း ပြောလာသည်။ Meera က
လစာပြည့် နှင့်အိပ်ရာထက်မှာ အနားယူခွင့်စနစ်ကို တီထွင်ဖန်တီးကာ
ထိုမန်နေဂျာ အမျိုးသမီးအား ခွင့်ပြုလိုက်သည်။ လစာပြည့် အိပ်ရာထက်မှာ
အနားယူခွင့်ဟူသည် မီးဖွားခွင့် ရက်ရှည်ကာလအတွင်း ဆိုင်ရာအလုပ်များကို
အိမ်မှာယူလုပ်ခွင့် ပြုလိုက်ခြင်းပင် ဖြစ်သည်။ ထိုအမျိုးသမီး
မီးဖွားခွင့်ရက်စေ့၍ ပုံမှန်အလုပ်ခွင်သို့ ပြန်ရောက်လာသောအခါ ယခင်ကထက်
အလုပ် ပိုလုပ်လာသလို၊ စွမ်းရည်လည်း ပိုတက်လာသည်ဟု Meera က ပြောပြသည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်၍-
''ကိုယ့်ဘက်က အသေးအဖွဲ အလျှော့ပေးလိုက်ရတာ၊
ပျော့ပျောင်း လိုက်ရတာကလေး ဖြစ်ပေမယ့် အဲဒီကနေ ပြန်ရတဲ့ ရလဒ်က နှစ်ဘက်
စလုံးအတွက် မယုံနိုင်စရာပဲ...''ဟု ပြောသည်။
နိုင်ငံတကာ ဘဏ္ဍာရေးကော်ပို ရေးရှင်ကြီးတစ်ခုဖြစ်သော -
J.P Morgan Chase၏ အိန္ဒိယဌာနခွဲကို တာဝန်ယူထားသည့် အမျိုးသမီး စီအီးအို -
Kalpana Morparia က အနောက်အုပ်စုဝင် ဘဏ်လုပ်ငန်း အကြီးအကဲများအား
''အဆင့်မြင့် ရာထူးတာဝန်အတွက် အမျိုးသမီးတွေကို စိတ်ချလက်ချ
ခန့်ထားကြည့်ကြပါလား။ ယောက်ျား၊ မိန်းမ ခွဲခြား ဆက်ဆံတာကို
ကျွန်မမဝေဖန်ချင်ဘူး။ ယောက်ျားတွေတော်တာ၊ တတ်တာကို ကျွန်မမငြင်းပါဘူး''ဟု
အကြံပေးစကား ဆိုခဲ့ဖူးသည်။
သူကြွယ်မမတို့ကိုသာ ဖူးစာဖက်လိုကြသည့်
မဟာယောက်ျားပုရိသများ
၂ဝ၁ဝခုနှစ်၊ ဇန်နဝါရီ ၁၈ရက်နေ့တွင် PEW Research Center
ကထုတ်ပြန်သော စစ်တမ်းတစ်စောင် ထွက်လာခဲ့သည်။
''သူတို့ထက် ပညာအရာမှာကော၊ ဥစ္စာဓနအင်အားမှာပါ ပိုတော်
ပိုချမ်းသာတဲ့ အမျိုးသမီးတွေကို ဖူးစာဖက်အဖြစ် ရွေးချင်ကြတဲ့ ပုဂ္ဂိုလ်တွေ
ပိုများလာတာတွေ့ရတယ်'' ထို အစီရင်ခံစာက ဆိုသည်။
Pew မှ ပြောခွင့်ရပုဂ္ဂိုလ် -Paul Fucito က ''လက်ရှိ
ဆယ်စုနှစ်တွေမှာ အမျိုးသားတွေဟာ အိမ်ထောင် ဖက်ရွေးတဲ့အခါ စီးပွားတွက်
တွက်လာကြတာတွေ့ရတယ်။ ကောက်ယူ ရရှိတဲ့ ကိန်းဂဏန်းတွေအရ ယောက်ျားထက်
မိန်းမက လခပို ကောင်းတဲ့ ဒါမှမဟုတ် ဝင်ငွေပိုကောင်းတဲ့၊ ပိုချမ်းသာတဲ့
အိမ်ထောင် စုတွေ ဒီဆယ်စုနှစ်ပိုင်းမှာ ပိုများလာတာတွေ့ရတယ်။
အဲဒီအိမ်ထောင်တွေမှာ ခင်ပွန်းတွေထက် ဇနီးတွေက ပညာလဲပိုတော်၊
ပိုတတ်ကြတယ်'' ဟု သုံးသပ်တင်ပြခဲ့သည်။
အသက်၃ဝမှ ၄ဝအကြားရှိ အမေရိကန်အိမ်ထောင်စုများကို
လေ့လာသည့်အခါ ၁၉၇ဝ မတိုင်မီက အိမ်ထောင်တစ်ခုတွင် ခင်ပွန်းက ဇနီးထက်
ပညာပိုတတ်သည်။တက္ကသိုလ်ဘွဲ့ရ ပုဂ္ဂိုလ်တွေ ပိုများခဲ့သည်။ ဝင်ငွေလည်း
ပိုကောင်းကြသည်။ ၁၉၇ဝနောက်ပိုင်း ဆယ်စုနှစ်များတွင်မူ အခြေအနေက ပြောင်း
ပြန်ဖြစ်လာခဲ့သည်။ ဇနီးသည်တွေ ပညာပိုတတ်လာကြ၊ ဘွဲ့တွေပိုရလာကြသလို
ဝင်ငွေတွေလည်း ပိုများလာခဲ့ကြသည်။
ဝါရှင်တန်၊ အိုလံပီယာအခြေ စိုက် -Evergreen State
College မှ ပါမောက္ခတစ်ဦးဖြစ်သူ Stephanie Coontzeက ''ဒီအချက်အလက်
ကိန်းဂဏန်းတွေကို ကျွန်တော်တို့ သတိပြုခဲ့တာအတော်ကြာခဲ့ပြီ။
ဒီဘက်ခေတ်ပိုင်းမှာ အမျိုးသားတွေက ဥစ္စာပေါ၊ ရုပ်ချော၊ ပညာတတ်
အမျိုးသမီးတွေကို အိမ်ထောင်ဖက် အဖြစ်ရွေးဖို့ ပိုပြီးစိတ်အားထက်သန်
လာကြတယ်။ စီးပွားရေးအမြင်နဲ့ တွက်ပြီး အိမ်ထောင်ပြုလာကြတဲ့
သဘောပါပဲ''ဟုဆိုသည်။
ယခုလက်ရှိ စီးပွားပျက်ကာလတွင် ထိုအခြေအနေက
ပိုပြီးထင်ရှား လာသည်။ ကိန်းဂဏန်းတွေကလည်း ပိုမိုခိုင်မာလာသည်။
စီးပွားပျက်ကာလ တွင် အမျိုးသားလေးယောက်ရှိလျှင် သုံးယောက်မှာ
အလုပ်လက်မဲ့ဖြစ် နေကြသည်။
ဖွားသေစာရင်းအင်းဗျူရိုက ထုတ်ပြန်သော
ကိန်းဂဏန်းများမှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ စီးပွားပျက်ကာလအစ ၂ဝဝ၈
ခုနှစ်တွင် ဇနီးသည်၏ဝင်ငွေမှာ မိသားစုဝင်ငွေ၏ ၇.ဝ ရာခိုင်နှုန်းရှိပြီး၊
၎င်း ကာလမတိုင်မီ ၂ဝဝ၇ ခုနှစ်က ၅.ဝ ရာခိုင်နှုန်းသာရှိခဲ့သည်ဟု ဆိုသည်။
ယင်းဝင်ငွေအချိုး ကွာဟမှုကို လူမည်း အိမ်ထောင်စုများ၌လည်း တွေ့ရ
သည်ဟုဆိုသည်။ လူမည်းအိမ်ထောင်စုများတွင် ဇနီးသည်တို့၏
ဝင်ငွေကွာဟမှုအချိုးမှာ ကိုးရာခိုင်နှုန်းမှ ၁၂ရာခိုင်နှုန်းသို့
တိုးလာခဲ့သည်။
နယူးဂျာစီပြည်နယ်သူ လူမည်း အမျိုးသမီး ဆရာဝန်-
Rajalla Prewitt က ''ကျွန်မအသက် ၃၈ နှစ်ရှိပြီ။ ခုထိ အပျိုကြီးဘဝမှာပဲ။
အိမ်ထောင်မပြုချင်လို့တော့ မဟုတ်ဘူး။ ပြုလဲပြုချင်ပါတယ်။ အိမ်ထောင်ဖက်လဲ
ရှာခဲ့ဖူးပါတယ်။ ခက်နေတာက စရိုက်တူ၊ အသွင်တူ၊
ဘဝအပေါ်တန်ဖိုးထားပုံချင်းတူတာ တစ်ယောက်မှမတွေ့သေးဘူး။ ကမ်းလှမ်းတဲ့
သူတွေတော့ရှိပါရဲ့။ ချာတူး လန်တွေကများတယ်။ အားကိုးရမလား မှတ်ပါတယ်။
ထိုင်စားချင်တာက ခပ်များများတွေနဲ့ချည်း တွေ့နေရတယ်။ အထူးသဖြင့်
ကျွန်မတို့လို အာဖရိကနွယ် အမေရိကန်ငနဲတွေပဲ'' ဟုပြောသည်။
ထိုအချက်ကို တစ်ဘက်က ကြည့်လျှင် ဥစ္စာပေါ၊ ရုပ်ချော၊
ပညာတတ် အမျိုးသမီးများကို စီးပွားတွက် တွက်ကာ လက်ဆက်လိုသည့် ပုရိသတွေ
ပိုများလာသည်ဆိုသော PEW-အဖွဲ့၏ စစ်တမ်းကို အတည်ပြုရတော့ မလိုဖြစ်နေသည်။
PEWအဖွဲ့ကပင် ၂ဝဝ၇ခုနှစ်က ပြုစုခဲ့သော
စစ်တမ်းတွင်မူ အလယ်အလတ်တန်း ဝင်ငွေရရှိကြ သည့်မိသားစုများတွင် ခင်ပွန်း၊
ဇနီးနှင့် မိသားစုဝင် အိမ်ထောင်မရှိသေးသော သားသမီးများ၏
စုစုပေါင်းမိသားစု ဝင်ငွေမှာ ၆ဝ.ဝရာခိုင်နှုန်း မြင့်တက်လာသည်ဟု
ဆိုထားခဲ့ဖူးသည်။
အိမ်ထောင်မရှိသူ လူလတ်တန်းစား၊ အလယ်အလတ်
ဝင်ငွေရရှိသော အမျိုးသား၊ အမျိုးသမီးတို့၏ ဝင်ငွေသည် ၁၆.ဝ ရာခိုင်နှုန်းသာ
တိုးခဲ့သည်ဟု အဆိုပါစာတမ်း၌ပင်ဖော်ပြထားသည်။

ထိုအချက်များကို နှိုင်းယှဉ်သုံး သပ်လိုက်သောအခါ
အမျိုးသားများသည် အိမ်ထောင်ပြုသောအခါ မိသား စုဝင်ငွေကို တိုးတက်အောင်
ဆောင်ရွက်နိုင်စွမ်းရှိမည့် အမျိုးသမီးများကိုသာ လက်ဆက်လိုကြသည်မှာ ပို၍
ထင်ရှားလာကြောင်း တွေ့ရသည်ဟု ခွဲခြမ်းစိတ်ဖြာသူများက သုံးသပ်ကြ
ခြင်းဖြစ်သည်။ ထို့ပြင် အိမ်ထောင်စုတွင် ဇနီးသည်၏ ဝင်ငွေက ခင်ပွန်းသည်၏
ဝင်ငွေထက်သာနေသည် ဆိုခြင်းမှာလည်း ထင်ရှားနေခဲ့ပါ၏။
အခြားသော အာရှဒေသမှ အမျိုးသမီးများ
ကွယ်လွန်သူ အိန္ဒိယအမျိုးသမီး ဝန်ကြီးချုပ်
အင်ဒီရာဂန္ဓီက နိုင်ငံခြား သတင်းမီဒီယာတစ်ခု၏အမေးကို-
''ကျွန်မဟာ ရှင်တို့ပြောနေသလို အမျိုးသမီး
ဝန်ကြီးချုပ်မဟုတ်ပါဘူး၊ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်ပါ''ဟု
ဖြေဆိုခဲ့ဖူးသည်။
အင်ဒီရာဂန္ဓီ၏ အဖြေစကားမှာ အာရှဒေသရှိ နိုင်ငံအချို့၌
ဦးဆောင် ဦးရွက်ပြုနေကြသော အမျိုးသမီး ဝန်ကြီးချုပ်များ၏
နိုင်ငံရေးဘဝဖြစ်စဉ်များနှင့် တိုက်ရိုက်ပတ်သက်နေသည် ဟု
ခွဲခြမ်းစိတ်ဖြာသူတို့က အနက် ဖွင့်ကြပါသည်။
ကုန်လွန်ခဲ့သည် ၂ဝ ရာစုနှောင်းပိုင်း
ဆယ်စုနှစ်ကာလများအတွင်း အာရှဒေသနိုင်ငံအချို့၌ အမျိုးသမီး
ဝန်ကြီးချုပ်များ တစ်ဦးပြီးတစ်ဦး ပေါ်လာခဲ့သည်။
ကမ္ဘာ့နိုင်ငံအများအပြားနှင့် နှိုင်းယှဉ်ပါက အမျိုးသမီး
ဝန်ကြီးချုပ်အများဆုံး ပေါ်ထွက်ရာ ဒေသဟုပင် ဆိုရမလို ဖြစ်နေခဲ့ပါ သည်။
အာရှဒေသမှ ကျွန်းနိုင်ငံတစ်ခုဖြစ်သော သီရိလင်္ကာတွင်
၁၉၆ဝခုနှစ်က သီရိလင်္ကာသမိုင်းတွင်သာမက ကမ္ဘာ့ပထမဆုံး
အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာသည့် သီရိမာဗိုဘန္ဒြာနာယကေး- Sirimavo Bandra-
naike ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သူ့နောက်တွင်မှ အိန္ဒိယ၊ ပါကစ္စတန်၊
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် အမျိုးသမီးသမ္မတ၊ ဝန်ကြီးချုပ်
စသည်များ ဆက်တိုက်ဆိုသလို ပေါ်ထွန်းလာခဲ့ကြသည်။ အာရှနိုင်ငံတစ်ခု ဖြစ်သော
ဘင်္ဂလားဒေ့ရှ်တွင် အမျိုးသမီး ဝန်ကြီးချုပ်နှစ်ဦး ရွေးချယ်ခံခဲ့ရပြီး
သီရိလင်္ကာတွင်မူ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဘန္ဒြာနာယကေး၏
သမီးဖြစ်သူလည်း ဝန်ကြီးချုပ် အဖြစ် နိုင်ငံရေးလောကထဲသို့ ရောက် လာခဲ့သည်။
ယခုလက်ရှိအချိန်တွင် အာရှဒေသ၌ အမျိုးသမီးသမ္မတ
တစ်ဦးနှင့် ဝန်ကြီးချုပ်တစ်ဦးတို့ နိုင်ငံ့တာဝန်ကို
ထမ်းဆောင်လျက်ရှိကြသည်။ ပထမတစ်ဦးမှာ ဖိလစ်ပိုင်သမ္မတ ဂလိုရီယာ
မက္ကာပါဂဲလ်အာရိုယို-Gloria Macapagal Arroyo ဖြစ်ပြီး၊ နောက်တစ်ဦးမှာ
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ - Sheikh Hasina တို့ပင်ဖြစ်သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက အဆိုပါ အမျိုးသမီး နှစ်ဦးကို
တိကျမာကျောထက်မြက် သူ သံမဏိအမျိုးသမီးများအဖြစ် အသိအမှတ်ပြုထားကြသည်။
ဂျာမန်သိပ္ပံ ဖောင်ဒေးရှင်းတစ်ခု၏ စစ်တမ်းတွင်လည်း
''အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ဝေဖန်ခံနေရသော အစ္စလာမ်မစ်
နိုင်ငံများနှင့်ပတ်သက်နေသည့် အံ့အားသင့်ဖွယ် အချက်တစ်ခုမှာ
အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံနှစ်ခုတွင်
အမျိုးသမီးခေါင်းဆောင်များကို အများပြည်သူမဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်
ခံထားရခြင်းပင် ဖြစ်သည်''ဟု ဖော်ပြခဲ့ဖူးသည်။ ထိုစစ်တမ်းက
ရည်ညွှန်းသူများမှာ အစ္စလာမ်ဘာသာဝင် လူဦးရေ အများဆုံးရှိသော
အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံရေး လောကရှိ
မဂ္ဂါဝတီဆူကာနိုပူထရီ၊ ရှိတ်ဟာစီနာ၊ ဘနာဇီဘူတိုစသည့် အမျိုးသမီး
ခေါင်းဆောင်များပင် ဖြစ်သည်။
Women Who Ruled နှင့် Women Rulers Throughout The Ages
စာအုပ်များကြောင့် နာမည်ကျော် လာခဲ့သော စာရေးဆရာမ-Guida M.Jackson က
''ကျွန်မ ဒီကိစ္စ တွေကို စိတ်ဝင်စားလာခဲ့တာ နှစ် ပေါင်း ၃ဝ
လောက်ရှိခဲ့ပါပြီ။ ကမ္ဘာ မှာပေါ်ထွန်းခဲ့သမျှ အမျိုးသမီးခေါင်း
ဆောင်တိုင်းမှာ သူမတူတစ်မူထူးခြားတဲ့ ရှုထောင့်အမြင်တွေရှိနေတယ်ဆို
တဲ့အချက်ပါပဲ။ ဒီထူးခြားမှုတွေကြောင့်ပဲ အဲဒီအမျိုးသမီးတွေ
အောင်မြင်ခဲ့ကြတာပါ''ဟု ပြောခဲ့ဖူးသည်။
ဂျာမန်သိပ္ပံဖောင်ဒေးရှင်း၏ အစီရင်ခံစာ စစ်တမ်းပါ၊
မှတ်ချက်တစ်ခုမှာလည်း အာရှဒေသမှအမျိုးသမီး ခေါင်းဆောင်များနှင့်ပတ်သက်၍
မှတ်သားဖွယ်ဖြစ်သည်။ ''အာရှဒေသက အမျိုးသမီး ခေါင်းဆောင်အများစုနဲ့
ပတ်သက်ပြီး သံသယပွားစရာမလို တဲ့အချက်တစ်ခုကတော့ သူတို့အားလုံးဟာ
သက်ဆိုင်ရာနိုင်ငံတွေရဲ့ ထင်ရှားကျော်ကြားတဲ့
နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ အနွယ်ဆက်
တွေဖြစ်နေတဲ့အချက်ပဲဖြစ်တယ်။ သူတို့ဟာ သက်ဆိုင်ရာ အစိုးရအဖွဲ့
ခေါင်းဆောင်တွေရဲ့ သမီးတွေ၊ ဇနီး မုဆိုးမတွေဖြစ်နေကြတယ်''ဟု ဖော်
ပြထားသည်။
ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ
ကိုရာဇွန်အကွီနို -Corazon Aquino ကလည်း ''ကျွန်မကတော့ ကျွန်မကိုယ်ကျွန်မ
သဘောပေါက်ပါတယ်။ ကျွန်မနိုင်ငံရေးကို သိပ်စိတ်မဝင်စားခဲ့ဘူး။
နိုင်ငံရေးသမားလဲ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ခင်ပွန်းသည်ကို အကြောင်းပြုပြီး
ကျွန်မနိုင်ငံရေးလောကထဲ အမှတ်မထင် ရောက်လာခဲ့ရတာပါ''ဟု
ရိုးသားပွင့်လင်းစွာ ဝန်ခံခဲ့ဖူးသည်။
ကိုရာဇွန်၏ ခင်ပွန်းဖြစ်သူ Benigno Aquino မှာ ၁၉၇ဝပြည့်
လွန်နှစ်များမှစ၍ ဖိလစ်ပိုင်နိုင်ငံအား ချုပ်ကိုင်လွှမ်းမိုးထားခဲ့သူ သမ္မတ
ဖာဒီနန်မားကို့စ်အား ဆန့်ကျင်အံတုခဲ့သည့် အတိုက်အခံခေါင်းဆောင်
တစ်ဦးဖြစ်သည်။ ကိုရာဇွန်သည် ခင်ပွန်းဖြစ်သူအား ပါရမီဖြည့်ဖက်၊
အိမ်ရှင်မတစ်ဦးအဖြစ်လည်းကောင်း၊ နိုင်ငံရေးနှင့်မပတ်သက်သော ရှေ့နေတစ်ဦး
အဖြစ်လည်းကောင်း ရပ်တည် နေထိုင်လာခဲ့သည်။ ၁၉၈၆ခုနှစ်တွင် ခင်ပွန်းသည်
လုပ်ကြံသတ်ဖြတ် ခံလိုက်ရသည်။ ထိုအချိန်မှစ၍ အခြေအနေနှင့် ပတ်ဝန်းကျင်၏
တောင်းဆိုမှုကြောင့် သူမတစ်ယောက်နိုင်ငံရေး လောကထဲ
ရောက်လာခဲ့ရခြင်းဖြစ်သည်။
အင်ဒိုနီးရှားသူ မဂ္ဂါဝတီဆူကာ
နိုပူထရီ၏နိုင်ငံရေးဘဝကလည်း တစ်မူထူးခြားလှသည်။ သူမ၏ဖခင် သမ္မတဟောင်း
ဆူကာနိုသည် အင်ဒိုနီးရှားနိုင်ငံကို စတင်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်သည်။
သူမသည်လည်း ဘဝတစ်လျှောက်လုံး အိမ်ရှင်မတစ်ဦး အဖြစ်နှင့်သာ
နေထိုင်ဖြတ်သန်းလာခဲ့သူဖြစ်သည်။ အကြောင်းအခြေအနေ တိုက်ဆိုင်မှုများကြောင့်
သူမသည် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတဖြစ်လာခဲ့သည်။ ပြည်တွင်းပြည်ပ မီဒီယာ
အချို့က သူမ၏ ကိုယ်ရေးကိုယ်တာ ဘဝနေမှုပုံစံကို ဝေဖန်ထိုးနှက်လာ သောအခါ
သူမက ရိုးရှင်းပွင့်လင်းစွာ ပင် တုံ့ပြန်ခဲ့သည်။
''နိုင်ငံ့ခေါင်းဆောင် တစ်ဦးဟာ တစ်ဘက်မှာ အိမ်ရှင်မလဲ
ဖြစ်နေတာ ဘာတွေများမှားနေလို့ပါလိမ့်''ဟူ၏။
အာရှသူ အမျိုးသမီးများ၏ ဘဝသည် ရိုးရာဓလေ့ထုံးတမ်းများအရ
ငြိမ်သက်အေးဆေးကြပါ၏။ သို့သော် အပယ်ခံ အနှိမ်ခံများတော့ မဟုတ်ကြပေ။
နိုင်ငံအတော်များများ၌ အမျိုးသမီးများသည် အမျိုးသားများနှင့်
ရင်ဘောင်တန်းကာ ရှေ့တန်းသို့ ရောက်နေကြသည်။ စီးပွားရေးလောက၊
နိုင်ငံရေးလောက၊ ဥပဒေနှင့် သံတမန်နယ်ပယ်များ၌ အမျိုးသမီးအများအပြားမှာ
ထိပ်တန်းတွင် ရှိနေကြသည်။
မြောက်မြားစွာသော ဝေဖန်ဆန့်ကျင်ဟန့်တားမှုကို
ရင်ဆိုင်ကာ၊ ရသမျှသော အခွင့်အရေးကို ပါးနပ်လိမ္မာစွာ အသုံးချကာ၊
မိသားစုအရှိန် သြဇာအောက်မှ ရုန်းထွက်ကာ နယ်ပယ်အသီးသီး၌ ရှေ့တန်းသို့တက်
လှမ်းလာနိုင်ကြသည်ဟု အင်ဒိုနီးရှား အခြေစိုက် Habibie Center လက်အောက်ခံ၊
သုတေသနနှင့် စီမံကိန်း ဌာန၏ညွှန်မှူး ဒေဝီဖော်ကျူးနားအန် ဝါ-Devi Fortuna
Anwar ကပြောခဲ့ ဖူးသည်။
''အမျိုးသားတွေ ကြီးစိုးနေတဲ့ ဘယ်လောက၊
ဘယ်ဌာနမှာပဲဖြစ်ဖြစ် အရွဲ့အစောင်း ပုံမကျ ပန်းမကျတွေ ဖြစ်တတ်တာ သဘာဝပဲ။
ဒါတွေကို တည့်အောင်လုပ်ဖို့ အမျိုးသားတွေအတွက် သူတို့နည်းတူ မာကျောတဲ့၊
ဘက်စုံအရည်အချင်းပြည့်ဝတဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေကောင်းတွေ
ရှိဖို့လိုလာတာလဲ အမှန်ပဲ။ ဒီတော့ ကျွန်မတို့ အမျိုးသမီးတွေဘက်က
သူတို့ထက်ပိုပြီး ဘက်စုံပြည့်ဝနေမှ တော်ကာကျမယ်။ မာကျောရမယ်။
မျက်ရည်ခံမထိုးရဘူး။ ကျား၊ မမရွေး ဘယ်သူနဲ့ဖြစ်ဖြစ် အဆင်ပြေချောမွေ့စွာ
ဆက်ဆံနိုင်ဖို့လဲလိုတယ်။ ဒါဟာ မိမိပတ်ဝန်းကျင်ကို လွှမ်းမိုးခြယ်
လှယ်ဖို့ကြိုးစားတာမဟုတ်ဘူး။ ပတ်ဝန်းကျင်မှာ ရှိနေကြတာက အမျိုးသားတွေလေ။
ဒီအနေအထားမျိုးမှာ သာမန်အရပ်သူလို နေနေရင်တော့
ဘာမှဖြစ်လာမှာမဟုတ်ဘူး...''ဟု ဒေဝီ ဖော်ကျူးနားက အလေးအနက်မှတ်
ချက်စကားဆိုခဲ့ပါ၏။
စဉ်းစားဆင်ခြင်ဖွယ် ကောင်းလှ ပါ၏။
Sources: The Female Factor

No comments:

Post a Comment