RSS
1.

Thursday, February 25, 2010

လူတွေဘာကြောင်.ချစ်မိသွားကြတာလဲ....

လူတွေ ဘာကြောင့် ချစ်ကြတာလဲ??? ဓာတုဗေဒ ပညာရှင်များရဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ စူးစမ်းလေ့လာ တွေ့ရှိချက်များအရ အချစ်ဆိုတာ တော်တော်ထူးဆန်းတဲ့ အချက်ကလေးတွေ အပေါ် အခြေခံကြောင်း တွေ့ရပါတယ်။
ဘက်ဖ်လိုတက္ကသိုလ်က စိတ်ပညာရှင် Mark Kristal က ခုလိုရှင်းပြခဲ့ပါတယ်။ “ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ရင်ခုန်ရတဲ့ အချစ်ဆိုတာ ဖြစ်လာစေဖို့ ခန္ဓာကိုယ်တွင်း ဓာတုဓာတ်ပြုမှု တော်တော်များများ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီဓာတ်ပြုခြင်းတွေ ဆိုတာက ဦးနှောက်အာရုံကြောတွေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပြုခြင်းတွေ ဖြစ်ပြီး ဒီဓာတ်ပြုခြင်းတွေရဲ့ အစီအစဉ်တကျ ပါဝင်ဖွဲ့စည်းမှု၊ ရှေ့နောက်အစီအစဉ် ကျနမှု တွေကြောင့် လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို စူးနစ်နက်ရှိုင်းစွာ ချစ်မိသွားတာ ဖြစ်ပါတယ်”
အဲဒီလို ဓာတ်ပြုခြင်းတွေ ဖြစ်ပေါ်လာစေတဲ့ ပြင်ပလှုံ့ဆော်မှု (External Stimuli) တွေကတော့ ………..
(၁)ရနံ့
အနံ့ကြောင့် ကျွန်တော်တို့ဟာ ချစ်မိသွား တတ်ကြပါတယ်။ ဒီလိုပြောတဲ့နေရာမှာ ကိုယ်နံ့မွှေးပျံ့ခြင်း၊ ဆွဲဆောင်မှု ရှိခြင်း စတာတွေ ပါမယ်ဆိုတာကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါလဲပါပါတယ်။ ဒါပေမယ့် နောက်ထပ်ထူးဆန်းတဲ့ တစ်ချက်က ကြီးကျယ်ခမ်းနားတဲ့(သို့) ချိုအီမွှေးပျံ့တဲ့ အနံ့တစ်စုံတစ်ရာ (ဥပမာ ပန်းအနံ့၊ လေထုထဲကို မွှေးပျံ့နေစေတဲ့ လေသန့်စင်စက်က အမွှေးနံ့လိုမျိုး၊ အစားအသောက်ကောင်းအနံ့) ကို ရမိတဲ့အချိန်မှာ အနားက တစ်စုံတစ်ယောက်ကို ရင်ခုန်မိသွားတတ်ပါသတဲ့။ ထူးဆန်းတယ်နော်။

(၂)ဦးနှောက်အတွင်း ပြောင်းလဲမှုများ

Oxytocin နဲ့ Vasopressin ဆိုတဲ့ ဟော်မုန်း၂မျိုးဟာ လူတွေ စတင်ချစ်မိတဲ့ အချိန်ကနေစလို့ ခန္ဓာကိုယ်ထဲမှာ ပုံမှန်ရှိနေကျထက် ပိုမိုများပြားစွာ ထွက်ရှိလာပြီး အချိန် တော်တော်များများအထိ အဲလိုများပြီး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ Dopamine ကလဲ ပါဝင် ပတ်သက်မှု ရှိတယ်လို့ တွေ့ရှိရပါတယ်။ (ထူးခြားချက်အနေနဲ့ ဒီဟော်မုန်းတွေဟာ သွေးကြောတွေ အပေါ် သြဇာလွှမ်းမိုးနိုင်တဲ့၊ သွေးဖိအားကိုတိုးစေ နှလုံးကို ပိုအလုပ်လုပ်စေတဲ့ ရင်ခုန်သံတွေ ဆူညံစေတဲ့ ဟော်မုန်းတွေ ဖြစ်ကြောင်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ဆေးပညာရဲ့ ရှေးဦးကာလ ကတည်းက တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ချစ်မိပြီဆိုတာနဲ့ ရင်တွေခုန်၊ ခန္ဓာကိုယ်အစွန်အဖျားတွေ ခြေတွေလက်တွေ၊ မျက်နှာတွေမှာ ရှိန်းတိန်းဖိန်းတိန်း ဖြစ်လာတတ်တာ၊ ချစ်ရသူအကြောင်း တွေးမိတိုင်းလဲ ရင်ထဲက ကျင်ကျင်လေးနဲ့ ခံစားရတာ ဖြစ်မယ်လို့ ဆက်စပ်တွေးမိပါတယ်)
ဒီဟော်မုန်းတွေကို အဓိကထွက်စေတဲ့ အကြောင်းအရင်းက တစ်ဖက်သားကို ဆွဲဆောင်မှုရှိတဲ့ အနံ့ဖြစ်တဲ့ အတွက် သင်ဟာ သင့်ချစ်သူဆီ ချဉ်းကပ်ပါက မွှေးပျံ့တဲ့ ပန်းတစ်ခုခုနဲ့ မွှေးပျံ့တဲ့ အစားအသောက်တစ်ခုခု တွဲပြီး လက်ဆောင်ပေးရင်း ချဉ်းကပ်သင့်ကြောင်း ပညာရှင်များက ပြောပါတယ်။ (ဒါကြောင့် အနောက်တိုင်းမှာ နှင်းဆီပန်းနဲ့ ချောကလက်ပေးတဲ့ အလေ့အထ ရှိနေတာ ဖြစ်ပါတယ်)

နောက်ထပ် ဆောင်းပါးတစ်ပုဒ် ထဲက အကြောင်းအရာတွေကို ဆက်လက်ဖော်ပြပါမယ်။ ဒီဆောင်းပါး ထဲမှာတော့ ……………..

ဒီအရာကို ကျွန်တော်တို့က အချစ်လို့ အမည်သညာ မှည့်ခေါ်ထားပါတယ်။ ဒါပေမယ့် ဒါဟာ သဘာဝတရားကြီးက လူသားမျိုးဆက်တွေ ဆက်လက်ရှင်သန် စည်ပင်ဖွံ့ဖြိုး တိုးပွားလာအောင် လှပစွာ ပုံစံပြောင်းထားပြီး လူတွေကို အမြင့်ဆုံး ခံစားစေတဲ့ စိတ်ခံစားမှု (the most exhilarating of all human emotions, probably nature’s beautiful way of keeping the human species alive and reproducing) ပဲဖြစ်ပါတယ်။
ကမ္ဘာ့စိတ်ပညာရှင်များ စုပေါင်း လေ့လာထားချက်အရ လူတစ်ယောက်အနေနဲ့ တခြား တစ်ယောက်ကို ရင်ခုန်မြတ်နိုး စုံမက်ချစ်ခင်သွားပြီ ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချဖို့ တစ်မိနစ်ခွဲ ကနေ ၄မိနစ်ပဲ ကြာပါတယ်။ (ဒါကြောင့် ကျမ်းပေါင်းများစွာ ပြုစုခဲ့တဲ့ ကမ္ဘာကျော် စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်က လူနှစ်ယောက်ရဲ့ ရာသက်ပန်ဆက်ဆံရေး ပုံစံကို စတွေ့တွေ့ချင်း ပထမ၄မိနစ်က အများဆုံး အဆုံးအဖြတ်ပေးတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်) ဒါပေမယ့် ဒါဟာ အကြိုက်ပဲ ဖြစ်သေးပြီး အချစ် မရောက်သေးဘူးလို့ ပြောရင် စာဖတ်သူများ သဘောတူမလားပဲ။ ဘ၀နဲ့ရင်းတဲ့ နားလည်မှု မြတ်နိုးတန်ဖိုးထား အထင်ကြီးမှု များအားလုံး ပြည့်ပြည့်စုံစုံ ရှိလာတော့မှ အချစ်စစ် ဖြစ်မယ်လို့ ထင်ပါတယ်။
ဒီလို မြင်မြင်ခြင်းရင်ထဲ ရောက်သွားစေတဲ့ အချက်တွေအားလုံးရဲ့……..
၅၅ ရာခိုင်နှုန်းက သူလေးရဲ့ ခန္ဓာကိုယ်အမူအရာ ဘာသာစကားများကြောင့်၊
၃၈ ရာခိုင်နှုန်းက အသံနေအသံထားနဲ့ စကားပြောပုံကြောင့်၊
ပြောတဲ့ အကြောင်းအရာကြောင့်ကတော့ ၇ ရာခိုင်နှုန်းပဲ သက်ရောက်မှု ရှိတယ်လို့ ဆိုလိုပါတယ်။

ပြီးတော့ ဒီလို စတွေ့တဲ့ အချိန်ကနေ တကယ်ချစ်မိသွားတဲ့ အခြေအနေအထိကို Rutgers University က Helen Fisher က အဆင့်(၃)ဆင့် ခွဲခြား ပြထားပါတယ်။

အဆင့်(၁)ရမ္မက် (သို့) နှစ်သက်သွားခြင်း

ဒီပထမဆုံး အဆင့်ကိုတော့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေက ဆောင်ရွက်ပေးပါတယ်။ ယောက်ျားတွေမှာဆို တက်စတိုစတီရုန်း၊ မိန်းမတွေမှာဆို အီစထရိုဂျင်ပေါ့။ ဒီလူနဲ့ တွေ့ခဲ့တဲ့အချိန်တုန်းက ဒါတွေ ကိုယ်တွင်းမှာ ပိုမို ထွက်ရှိလာတဲ့အတွက် ဒီလူ့ကို မမေ့နိုင်တော့ဘဲ အစွဲကြီးစွဲသွားတာ ဖြစ်ပါတယ်။ (တစ်ခုသေချာတာကတော့ တွေ့သမျှ လူတိုင်းနဲ့တော့ ဒီဟော်မုန်းတွေ မထွက်ဘဲ တကယ်ရင်ထဲက လက်ခံတဲ့ သူနဲ့ကျမှ ထွက်လာတာပဲ ဖြစ်ပါတယ်။ ကြွေ သွားတယ် ဆိုတာပေါ့ဗျာ)

အဆင့်(၂)ဆွဲဆောင်မှု (သို့) တွယ်တာသွားခြင်း

တကယ်ကို အံ့သြစရာ ကြီးကျယ်ခမ်းနားတဲ့ အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။ ဒီအချိန်မှာ သင်ဟာ သင်ချစ်မိသွားသူ အကြောင်းကို တစ်ချိန်လုံးနီးပါး တွေးနေ သတိရနေ အရမ်းဖြစ်နေပြီး သူ့အကြောင်း အဲလို တွေးနေရုံနဲ့ကို အားအင်တွေ ပြည့်ဝနေပြီး နွေးထွေးလန်းဆန်းနေပါလိမ့်မယ်။ အဲဒီချိန်မှာ ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှု အနေအထားဟာ အကောင်းဆုံး ကျန်းမာရေးအခြေအနေမှာ ရှိနေတာကို အံ့သြဖွယ် တွေ့ရပါတယ်။ ဒီလိုကာလမှာ မျက်လုံးအမြင်တွေကေ၀၀ါးကာ ရင်တွေခုန်နေပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း၊ အရှုံးအမြတ် တွက်ချက်နိုင်စွမ်းတွေ
ဒီဖြစ်စဉ်တွေကို ဖြစ်စေတာကတော့ အက်ဒရီနယ်လင်၊ ဒိုပါမင်း နဲ့ စီရိုတိုနင် (adrenaline, dopamine and serotonin) တို့ ဖြစ်ကြောင်းပါ။ သူတို့ရဲ့ သက်ရောက်မှုတွေက ဘာတွေလဲ ကြည့်ကြရအောင်……..။

အက်ဒရီနယ်လင်

တစ်စုံတစ်ယောက်ကို တကယ်ကြွေမိသွားတဲ့ အခိုက်အတန့် ခဏလေးမှာပဲ သင့်ခန္ဓာကိုယ်မှာ အဲလို ဖြစ်လာတဲ့ ဖိစီးလှုံ့ဆော်မှု အပေါ် တုန့်ပြန်မှု (Stress Response) တစ်ခု အနေနဲ့ အက်ဒရီနယ်လင် ထွက်လာပါတယ်။ သူနဲ့ အတူတူ စတီးရွိုက်ဟော်မုန်း တစ်ခု ဖြစ်တဲ့ ကော်တီဇော (Cortisol) ပါ ထွက်လာပါတယ်။ ဒီပစ္စည်းတွေရဲ့ ရင်ခုန်လှိုက်မော ပူထူ သွားစေတဲ့ အာနိသင်က သင့်ရဲ့ အချစ်သစ်လေး အပေါ် စွဲလန်းသွားစေပါတယ်တဲ့။ ရင်ခုန် စိတ်လှုပ်ရှားသွားရုံ မျှမကဘဲ ချွေးအနည်းငယ်ပါ စို့လာစေပြီး တချို့မှာဆို အာခေါင်တွေပါ ခြောက်လာစေတယ်လို့ တွေ့ရှိထားရပါတယ်။

ဒိုပါမင်း

ချစ်မိကာစ အတွဲပေါင်းများစွာကို Helen Fisher နဲ့အဖွဲ့က လေ့လာထားတဲ့အခါမှာ သူတို့တွေရဲ့ ဦးနှောက်ထဲမှာ ဒိုပါမင်းပမာဏ သိသာစွာ မြင့်မားနေတာ တွေ့ရှိခဲ့ရပါတယ်။ ဒီဓာတုပစ္စည်းလေးက “ဆန္ဒ နဲ့ လိုချင်တဲ့ ခံစားမှု ” ကို မြှင့်တင်ပေးခြင်းဖြင့် သင့်ကို သာယာပျော်ရွှင်အောင် ခံစားရစေပြီး ဆက်လက် ချစ်မိစေပါတယ်တဲ့။ ဒီလို ချစ်နေရတဲ့ ခံစားချက်ဟာ ဒိုပါမင်းရဲ့ အစွမ်းကြောင့် မဖြတ်နိုင်လောက်အောင် စွဲလန်းစေပြီး ကိုကင်းနဲ့ အာနိသင်ခြင်း တူတယ်လို့ ပညာရှင်များက မှတ်ချက်ချကြပါတယ်။
ဒိုပါမင်းရဲ့ ကောင်းမွန်တဲ့ အာနိသင်တွေကြောင့် ချစ်မိသူနှစ်ဦးစလုံးမှာ စွမ်းဆောင်ရည် အင်အားတွေ ပြည့်ဝနေခြင်း၊ စိတ်အာရုံ စူးစိုက်နိုင်မှု ကောင်းမွန်နေခြင်း၊ နှစ်ယောက်ကြားထဲက ဆက်ဆံရေးရဲ့ အသေးစိတ်လေးတွေက အစ ခံစားဝမ်းမြောက် ကျေနပ်ပျော်ရွှင်နိုင်စွမ်းတွေ ရရှိနေလို့ လူ့ဘ၀ရဲ့ အရမ်းကို ပျော်ရွှင်ချမ်းမြေ့ရတဲ့ ကာလတွေကို ရရှိစေပါတယ်။ တစ်ယောက် အလိုက် တစ်ယောက်သိခြင်း၊ သည်းခံနိုင်ခြင်း၊ ချစ်သူအတွက် ဘာမဆို ဖြည့်ဆည်းပေးချင်ခြင်း စတဲ့ စိတ်စေတနာတွေကလဲ ရင်ထဲမှာ လျှံထွက်နေတဲ့ ပန်းခင်းသော လမ်း ကာလပေါ့ဗျာ။

စီရိုတိုနင်

သင့်ရဲ့အတွေးတွေ ရည်မှန်းချက်တွေ ခံစားမှုတွေ အားလုံးထဲမှာ ချစ်သူပါဝင်နေအောင် ဒီပစ္စည်းလေးက စွမ်းဆောင်ပေးပါတယ်။
အဆင့်(၃)ခိုင်မြဲစွာ လက်တွဲမိခြင်း
ဒီအချိန်မှာ အရေးပါတာက အောက်စီတိုစင်နဲ့ ဗေဇိုပရက်စင် (oxytocin and vasopressin) တို့ ဖြစ်ပါတယ်။ (အဲဒီ အောက်စီတိုစင်ဆိုတာ လူသားတွေမှာ ကာမဂုဏ်ခံစားမှု အထွတ်အထိပ် (Orgasm) အချိန်မှာလဲ ထွက်တဲ့ အာနိသင် ကြီးမားလှတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်)
ဒီဟော်မုန်းရဲ့ ပမာဏဟာ နှစ်ယောက်တူတူ နေနေတဲ့ အချိန်မှာ ကျေနပ်နှစ်သိမ့်မှု၊ နီးကပ်ရင်းနှီးမှုတွေရဲ့ ပမာဏနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ ဒါကြောင့် နက်နက်ရှိုင်းရှိုင်း ပွင့်ပွင့်လင်းလင်း အတူနေဖူးလေလေ၊ ပိုချစ်ကြလေ လို့ ပညာရှင်များက ဆိုပါတယ်။
(ထူးဆန်းတာတစ်ခုက ကလေးက အမေ့နို့ကို စို့ချိန်မှာလဲ မိခင်မှာ ဒီဟော်မုန်းထွက်ပြီး ကလေးနဲ့ အမေကြားက ချစ်ခြင်းမေတ္တာကိုလဲ မြဲမြံကြီးထွား လာစေပါတယ်။ နယူးယောက် တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ Diane Witt ရဲ့စမ်းသပ်ချက်အရ သိုးတွေ ကြွက်တွေမှာ မိခင်တွေကို အောက်စီတိုစင် ရဲ့ အာနိသင် ပိတ်ဆို့တဲ့ ဆေးတွေ ပေးထားလိုက်ရင် သားငယ်တွေကို မိခင်တွေက ဂရုမစိုက်တော့ဘူး လို့ အသေအချာ တွေ့ရှိထားရလို့ ကလေးနို့မတိုက်တဲ့ မိခင်တွေနဲ့ ကလေးတွေ သိပ်နီးစပ်ကျတာ ဖြစ်ပါတယ်။)
ဗေဇိုပရက်စင်က လိင်မှုကိစ္စပြီးမှ ထွက်တဲ့ ဟော်မုန်း ဖြစ်ပြီး သူ့ရဲ့အာနိသင်ကတော့ တော်တော်ကြာကြာ ခံတယ်လို့ သိရပါတယ်။ ဒီဟော်မုန်းလေးကြောင့် ဘယ်လောက်ဝေးနေနေ၊ ဒါမှမဟုတ် ရန်တွေဘာတွေ ဖြစ်ထားလဲ မပြတ်နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

(ဒီဟော်မုန်းတွေအားလုံးဟာ လအနည်းငယ်ပဲ သက်တမ်းရှိပြီး တဖြည်းဖြည်း အာနိသင် လျော့လာတတ်တဲ့ သဘောရှိတာကို စာဖတ်သူများအားလုံး သိကြမယ် ထင်ပါတယ်။ ဒါတွေ လျော့သွားတဲ့ အချိန်ရောက်တိုင်း သူနဲ့ကိုယ် နှစ်ယောက်စလုံးမှာ ပြန်ထွက်လာအောင် (နားလည်မှုတွေ သံယောဇဉ်တွေ ခိုင်မြဲနေမြဲ ဖြစ်အောင်) မေတ္တာနဲ့ တစ်ဖန် ပြန်လည်သစ်ဆန်းအောင် ဖန်တီးနိုင်သူတွေကတော့ လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး လို့ခေါ်နိုင်တဲ့ အချစ်စစ်စစ်ကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ It is LOVE which makes the WORLD go round.

No comments:

Post a Comment